CDM စစ်သားတစ်ဦး၏ ဇနီး ဒေါ်ကြည်ပြာဝင်း

မြန်မာပြည် အရှေ့မြောက်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စုပေါင်းတိုက်ခိုက်မှုနဲ့အတူ ပြည်တွင်းစစ် ရုတ်ချည်း အရှိန်မြင့်လာတာကြောင့် စစ်တပ်ကို ကိုင်လှုပ်နိုင်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်လည် အားတက်လာခဲ့ပါတယ်။ လက်ရှိတာဝန်ထမ်းဆောင်နေဆဲ စစ်သားတွေရဲ့ ဇနီးသည်တွေကို ရှားရှားပါးပါး တွေ့ဆုံမေးမြန်းနိုင်ခဲ့ပြီး အဲဒီရဲမေတွေရဲ့ ပြောကြားချက်အရ တပ်မိသားစုဝင်တွေကြား စိုးရိမ်သောက ပိုများလာတယ်၊ ရှေ့တန်းစစ်မြေပြင်နဲ့ ဝေးရာ နောက်တန်းမှာလည်း ဖွဲ့စည်းပုံ ပျက်လာတယ်လို့ သိရှိရပါတယ်။

စတင် ရက်စွဲကြောင့် “၁၀၂၇ စစ်ဆင်ရေး” လို့ ခေါ်ကြတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်စစ်ဆင်မှုမှာ မြန်မာပြည်အရှေ့မြောက်ပိုင်းက စစ်တပ်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့သလို တရုတ်နယ်စပ်က ကုန်သွယ်ရေး ထွက်ပေါက်နှစ်ခုကိုလည်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြောက်ကျားဆန်ဆန် PDF တပ်ဖွဲ့တွေရဲ့ မကြုံစဖူး ပူးပေါင်းစစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်တွင်းက အစိုးရ ရုံးဌာနတွေအပါအဝင် တပ်စခန်းပေါင်း (၁၅၀) ကျော်ကို သိမ်းပိုက်ထားပြီးပါပြီ။

ဒါ့အပြင် တကယ့် ဖြစ်တောင့်ဖြစ်ခဲ ပူးပေါင်းစစ်ဆင်ရေးအဖြစ် တိုင်းပြည်အနှံ့က တခြားတပ်ဖွဲ့တွေကလည်း စစ်ကောင်စီကို အသီးသီး တိုက်ခိုက်ခဲ့ကြပါသေးတယ်။ ကရင်နီတပ်ဖွဲ့တွေဆိုရင် ကယားပြည်နယ်ရဲ့ မြို့တော် လွိုင်ကော်ကို သိမ်းပိုက်ပြီးသလောက် ဖြစ်နေပါပြီ။ နိုဝင်ဘာလလယ်မှာ စစ်ကိုင်းတိုင်း ကောလင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းသိမ်းပိုက်နိုင်ခဲ့သလို အိန္ဒိယနယ်စပ်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေက ချင်းအမျိုးသားအလံကို လွှင့်ထူနိုင်ခဲ့ကြပါပြီ။

ဒါတွေက မြန်မာစစ်တပ်အပေါ် နက်နက်ရှိုင်းရှိုင်း ကိုင်လှုပ်ခဲ့တယ် ဆိုတာ စစ်တပ်ရဲမေတွေ ကိုယ်တိုင်ရဲ့ နှုတ်ထွက်စကားမှာ ကြားကြရပါတယ်။

ယောက်ျားရဲ့ ရာထူးအဆင့်အလိုက် အထက်အောက် ရိုသေကြရတဲ့ ရဲမေတွေခမျာ နောက်တန်းမှာ စစ်သား မလုံမလောက် ဖြစ်နေတာကြောင့် ကင်းဝင်စောင့်ပေးရင်း၊ ရက်စက်မှုတွေ မရေမတွက်နိုင်အောင် ကျူးလွန်နေတဲ့ စစ်တပ်ကို အကာအကွယ် ဖြစ်စေဖို့ ယုံယုံကြည်ကြည်နဲ့ ဓမ္မစကြာရွတ်ရင်း ရှေ့တန်းက အကျအဆုံးတွေအကြောင်း အချင်းချင်း တိုးတိုးတိတ်တိတ်သာ ပြောကြရပါတယ်။

မြန်မာနိုင်ငံတောင်ပိုင်းတနေရာက တပ်ထဲမှာ အခုချိန်ထိ ရှိနေသေးတဲ့ ရဲမေနှစ်ဦးက သူတို့ ဘယ်လောက် စိတ်ဓါတ်ကျနေရသလဲဆိုတာ ပြောပြကြပါတယ်။

သူတို့ ပြောချင်တာလေးတွေကို လက်ရေးနဲ့ရေး၊ ဖုန်းနဲ့ ဓါတ်ပုံရိုက်ပြီး ပေးပို့ခဲ့ကြတာပါ။ ဒါ့အပြင် ခင်ပွန်းသည်နဲ့အတူ ထွက်ပြေးလာခဲ့ကြတဲ့ ရဲမေတွေကလည်း သူတို့ရဲ့ တပ်ထဲက ကျီးလန့်စာ စားနေရတဲ့ဘဝတွေအကြောင်း၊ အထက်လူကြီးတွေအပေါ် မကျေနပ်ချက်တွေအကြောင်း ပြောပြခဲ့ကြပါတယ်။

မြန်မာစစ်တပ်မှ စစ်သားဇနီးများ စစ်ရေးလေ့ကျင့်နေစဉ်

ရဲမေတွေနဲ့ ဆယ်ကျော်သက်အရွယ် မှီခိုသားသမီးတွေဆို လုံခြုံရေးတာဝန်ယူဖို့ အရင်ထက် ပိုပြီး ဖိအားပေးနေတယ်။ တပ်မိသားစုဝင်တွေ ပိုပြီး စိတ်မလုံမခြုံ ခံစားလာရတယ်၊ တယောက်ကို တယောက်လည်း မယုံကြည်ကြတော့ဘူး။ သေရမှာလည်း …. ကြောက်တယ်” လို့ တပ်ကြပ်တဦးရဲ့ ဇနီးသည်က နိုဝင်ဘာလ (၁၇) ရက်မှာ စာရေးပေးပို့ခဲ့ပါတယ်။
သောင်းကျန်းသူ အများအပြားကို ချေမှုန်းနိုင်ခဲ့တယ်လို့ ပါးစပ်က နေ့တိုင်း ပြောနေကြပေမယ့် “၁၀၂၇ စစ်ဆင်ရေး” စပြီးနောက်ပိုင်း စစ်တပ်ဘက်က အတော်လေး အထိနာနေရတယ်ဆိုတာ တပ်က အရာရှိတွေကိုယ်တိုင် ဝန်ခံနေရပြီလို့ သူက ပြောပြပါတယ်။

“အထက်က ပိုပြီး ဖိအားပေးလေလေ၊ မပြတ်သားတဲ့ အမိန့်တွေကြောင့် အရာရှိတွေလည်း အချင်းချင်း စကားများကုန်တယ်” လို့ သူ့က တပ်တွင်းအခြေအနေကို ပြောပြပါတယ်။

ကိုယ့်တပ်ကိုယ် ကာကွယ်ဖို့ အရင်ကထက် စစ်ရေးလေ့ကျင့်မှုတွေ ပိုလုပ်နေရကြောင်း တခြားတပ်ကြပ်တဦးရဲ့ ဇနီးက နိုဝင်ဘာလ (၁၉) ရက်မှာ စာရေးသားပေးပို့ခဲ့ပါတယ်။ “အောက်ခြေရဲဘော်တွေအပေါ် ဂရုမစိုက်တဲ့ အထက်အရာရှိတွေကို တပ်မိသားစုတွေက ကျိန်ဆဲနေကြတာပေါ့” လို့ သူက ဆိုပါတယ်။

ရွေးကောက်ခံ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး စစ်အာဏာသိမ်းလိုက်တဲ့ (၂၀၂၁) ခုနှစ် ဖေဖော်ဝါရီလ (၁) ရက် နောက်ပိုင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ပြည်သူလူထုကို ကာချုပ်မင်းအောင်လှိုင်ရဲ့ စစ်တပ်က ရက်ရက်စက်စက် အကြမ်းဖက် ဖိနှိပ်ခဲ့ပါတယ်။ တချိန်တည်းမှာ ပြည်သူ သန်းပေါင်းများစွာကို ဆင်းရဲတွင်းထဲ နစ်မွန်းစေခဲ့ပါတယ်။

အာဏာသိမ်းပြီး နောက်တနှစ်မှာ မြန်မာ့စီးပွားရေးက (၁၈) ရာခိုင်နှုန်း ဆုတ်ယုတ်သွားခဲ့ပါတယ်။ မရေမရာ မူဝါဒတွေ၊ ပဋိပက္ခ ရှည်ကြာမှုတွေကြောင့် စီးပွားရေး ထိခိုက်ဆုံးရှုံးမှုက အမြဲတမ်းလိုလို ဖြစ်သွားနိုင်ကြောင်း ကမ္ဘာ့ဘဏ်ရဲ့ (၂၀၂၃) ခုနှစ် ဇွန်လ အစီရင်ခံစာမှာ သတိပေးထားပါတယ်။

လက်ရှိအချိန်မှာတော့ မြန်မာပြည်မြောက်ဖျား တောင်တန်းတွေကနေ တောင်ဘက် ပင်လယ်ကမ်းခြေအထိ အသီးသီး ရှိနေကြတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့ တစထက်တစ ပိုမို ကောင်းမွန်လာတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် စစ်ကောင်စီ ဖြုတ်ချခံရတော့မလို ဖြစ်နေပါပြီ။

မဟာမိတ်တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို မင်းအောင်လှိုင်ကိုယ်တိုင် နိုဝင်ဘာလ (၂) ရက်မှာ ပထမဆုံးအကြိမ် လူသိထင်ရှား ပြန်လည် တုံ့ပြန်လာပါတယ်။ သောင်းကျန်းသူတွေကို ပြန်လည် တိုက်ခိုက်သွားမယ်လို့ သူက ဆိုခဲ့တာပါ။ နောက် ခြောက်ရက်အကြာမှာ ကျင်းပခဲ့တဲ့ ရှားရှားပါးပါး ကာလုံအစည်းအဝေးမှာတော့ စစ်တပ်က အခြေအနေကို အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်ပြီလို့ ပြောခဲ့ပြန်ပါတယ်။ နောက်ရက်အနည်းငယ်အတွင်း မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်မှာ စစ်တပ်အတွက် နောက်ထပ် စစ်မျက်နှာစာသစ် ပေါ်လာခဲ့ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နိုင်ပေမယ့် အရေးပါတဲ့ တံတားတွေကို ချိုးဖျက်ထားတာ၊ ခြုံခိုတိုက်ခိုက်တာတွေကြောင့် စစ်တပ်ရဲ့ မြေပြင်လှုပ်ရှားမှုတွေ အကန့်အသတ် ရှိနေပါတယ်။

တပ်ထဲမှာ မင်းအောင်လှိုင်ကို ထောက်ခံတာဆိုလို့ နေရာကောင်းရထားတဲ့သူတွေပဲ ကျန်တော့တယ်ဆိုပြီး ရဲမေတဦးက အခုလို ရေးသားပေးပို့ခဲ့ပါတယ်။
“တပ်ထဲက စစ်သည်တွေ အများကြီး ကျသွားပြီ။ ဘာမှ အသေးစိတ်လည်း မသိရဘူး။ ဒဏ်ရာရထားတာလည်း အများကြီးပဲ” လို့ သူက ပြောပြပါတယ်။ တပ်ထဲမှာ ရှိနေတဲ့သူ (၉၀) ရာခိုင်နှုန်းလောက်က မင်းအောင်လှိုင်ကို မကြိုက်ကြဘူးလို့ သူက ခန့်မှန်းပါတယ်။

“အခြေအနေမှန်ကို သူ သိပြီး ပုံမှန်အတိုင်း ပြန်ဖြစ်အောင် ပြဿနာတွေ ရှင်းပေးစေချင်တယ်၊”
ဒါပေမယ့် အောက်ခြေရဲဘော်တွေ သေတာ ဘယ်သူမှ ဂရုမစိုက်ဘူး၊ ရဲဘော်တွေနဲ့ သူတို့ရဲ့ မိသားစုတွေက ကျွဲနှစ်ကောင် ခတ်တဲ့ကြားက မြေစာပင်တွေပါပဲလို့ သူက ညည်းတွားခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ အင်အားနဲ့ ပတ်သက်ရင်လည်း အမြဲ အငြင်းပွားနေရပါတယ်။ အကျအဆုံးတွေ၊ စွန့်ခွာ ထွက်ပြေးမှုတွေကြောင့် တိုက်ခိုက်ရေးအင်အား (၁၀၀,၀၀၀) ကနေ (၁၂၀,၀၀၀) လောက်သာ ကျန်နိုင်ကြောင်း တချို့က ခန့်မှန်းကြပါတယ်။

NUG အစိုးရကတော့ သူတို့မှာ လက်နက်ကိုင်အင်အား PDF တပ်ဖွဲ့ဝင် (၆၅,၀၀၀) ရှိကြောင်း ကြေငြာထားပါတယ်။ ဒါ့အပြင် တခြားဒေသအလိုက် တော်လှန်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မြို့ပြပြောက်ကျားတွေ ထောင်နဲ့ သောင်းနဲ့ချီ ရှိပါဦးမယ်။

တပ်ကို ကျောခိုင်းစွန့်ခွာလာသူတွေရဲ့ ပြောကြားချက်အရ မြေပြင်က သာမန်စစ်သည်တွေကို အခြေခံ စစ်ပစ္စည်းအသုံးအဆောင်လောက်သာ ထောက်ပံ့ထားပြီး ရိက္ခာလည်း မလုံလောက်ကြောင်း သိရပါတယ်။ ရဲဘော်တွေက လစာလည်း ကောင်းကောင်း မရသလို အထက်အရာရှိတွေရဲ့ နှိပ်စက်တာကိုလည်း ခံကြရပါသေးတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း တာဝန်ကနေ စွန့်ခွာလာသူ စစ်သား (၄၀၀၀) ကနေ (၅၀၀၀) ကြား၊ ရဲတပ်ဖွဲ့ဝင် (၉၀၀၀) ကျော် ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

“၁၀၂၇ စစ်ဆင်ရေး” စတင်ပြီးနောက်ပိုင်း တပ်က ထွက်ပြေးသူ အနည်းဆုံး (၅၀၀) ကျော် ရှိနိုင်ကြောင်း၊ နောက်ထပ်လည်း အများကြီး ထပ်ပြေးဦးမှာဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ခန့်မှန်းပါတယ်။

“စိတ်ဓါတ်ပိုင်းအရ၊ ခံယူချက်အရ တပ်မတော်က တဖြည်းဖြည်း ပြိုလဲနေပြီဆိုတာ သူတို့ သိနေပြီ။ အထူးသဖြင့် မြောက်ပိုင်းမှာပေါ့။ စစ်တပ်ရဲ့ အကျအဆုံးတွေ၊ ကိုယ့်စစ်သည်အချင်းချင်းပါမချန် မတရားလုပ်နေတာတွေကို ကြားသိနေရတော့ နောက်တန်းမှာ ကျန်ခဲ့တဲ့သူတွေကိုတောင် ရိုက်ခတ်မှု ရှိနေပြီ” လို့ သူက ရှင်းပြပါတယ်။စစ်တပ် ကျူးလွန်ခဲ့တဲ့ ညှင်းပမ်းနှိပ်စက်မှုတွေ၊ မတရားဖမ်းဆီးချုပ်နှောင်မှုတွေ၊ လက်လွတ်စပယ် သတ်ဖြတ်မှုတွေကြောင့် တပ်အသိုင်းအဝိုင်းဆိုရင် ပြည်သူလူထုက သနားနေမှာ မဟုတ်တော့ပါဘူး။ စစ်တပ်အနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို နှိမ်နင်းဖို့ ရုရှားနဲ့ တရုတ်ဆီက ဝယ်ယူထားတဲ့ ဂျက်တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေကိုသာ အဓိက အားကိုးနေပါတယ်။ မြေပြင်တပ်ဖွဲ့တွေကလည်း မီးရှို့ဖျက်ဆီးတာ၊ လိင်အကြမ်းဖက်တာ စသဖြင့် အကြမ်းဖက်မှုမျိုးစုံ ကျူးလွန်နေကြပါတယ်။ အကြမ်းဖက် စစ်တပ်ကို ဗမာအများစုနဲ့ ဖွဲ့စည်းထားပြီး လူမျိုးကြီးဝါဒနဲ့ မှိုင်းတိုက်ထားတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

အထက်အရာရှိတွေက အောက်ခြေစစ်သည်တွေကို မြို့ပေါ်မှာပဲ လုံခြုံရေး တာဝန်ချထားမယ် ပြောပြီး ရှေ့တန်းကို မလှိမ့်တပတ်နဲ့ ပို့နေကြောင်း ရဲမေတဦးက ပြောပြပါတယ်။ “ကျမ သိသလောက် စစ်သားအများစုက စိတ်ဓါတ်ကျနေကြပြီ၊ တပ်ဖွဲ့စည်းပုံတွေလည်း မမှန်တော့ဘူး။ စစ်တပ်က ဆိုးဆိုးရွားရွားတွေ အများကြီး လုပ်ခဲ့တာ မှန်ပါတယ်။ တကယ်တော့ စစ်တပ်ရဲ့ တာဝန်က တိုင်းပြည်ကာကွယ်ဖို့ပဲ၊ ပြည်သူတွေကို သတ်ဖို့၊ ဖျက်လိုဖျက်ဆီး လုပ်ဖို့မှ မဟုတ်တာ၊ ကျမလည်း ဒီမိုကရေစီ ရချင်တယ်” လို့ သူက ဆက်ပြောပါတယ်။

အပြင်ထွက်ရမှာလည်း ကြောက်၊ တပ်ပြင်ထွက်ခွင့်တွေလည်း ကန့်သတ်ခံထားရတာကြောင့် ရဲမေတွေနဲ့ တပ်မိသားစုဝင်အများစုခမျာ တပ်တွင်းသီးခြားကမ္ဘာလေးမှာပဲ ကျင်လည်နေကြရပါတယ်။ ဖုန်းသုံးဖို့လည်း ကန့်သတ်ခံထားရတတ်ပါတယ်။ ကိုယ်ရဲ့ လူမှုကွန်ယက်အကောင့်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို တပ်ရင်းမှူးဆီ ပေးထားရကြောင်း ရဲမေတွေက ပြောပြပါတယ်။ အပြင်က ဆွေမျိုးတွေ ဖုန်းဆက် ပြောပြမှသာ ဖြစ်ရပ်မှန်သတင်းတွေကို ကြားကြရတာပါ။

ထွက်ပြေးတဲ့ စစ်သားတွေ ပြန်အဖမ်းခံရရင် ထောင်ကျတာ၊ ညှင်းပမ်းနှိပ်စက်တာ ခံရမယ့်အပြင် အသတ်ခံရတဲ့အထိ ဖြစ်သွားနိုင်သလို ကျန်ရစ်တဲ့ မိသားစုတွေလည်း ဒုက္ခရောက်ရပါဦးမယ်။ ဘယ်လိုပဲ အန္တရာယ်ရှိရှိ တချို့ တပ်မိသားစုဝင်တွေကတော့ စစ်တပ်နဲ့ အဆက်ဖြတ် ထွက်ပြေးနေကြပါတယ်။

(၂၀၂၂) ခုနှစ် ဩဂုတ်လအတွင်း သူ့ခင်ပွန်း တပ်က ထွက်ပြေးသွားတဲ့အခါ အသက် (၄၈) နှစ်အရွယ် မကြည်ပြာဝင်းကို တပ်ရင်းမှူးက ခေါ်ကြိမ်းပါတယ်။ သူ့ယောက်ျား ထွက်ပြေးမယ့် အစီအစဉ်ကို ဘာတခုမှ မသိပါဘူးလို့ အကြိမ်ကြိမ် ဘူးခံငြင်းရပါတယ်။ နောက်တော့ သူ့ကို ငါးရက်အတွင်း တပ်ကနေ ထွက်သွားဖို့ နှင်ထုတ်ခဲ့ပါတယ်။ တပ်မိသားစုဝင် (၃၀၀) ကျော်နဲ့ ခြောက်နှစ်လောက် အတူတူ နေလာခဲ့တဲ့ တပ်ထဲမှာ သူ့ကို တခြားရဲမေတွေက NLD ပါတီရဲ့ အရောင်ကို အစွဲပြုပြီး “ခွေးနီမ” လို့ သမုတ်ခဲ့ကြပါတယ်။

အောက်ခြေစစ်သားတွေရဲ့ ဇနီးသည်တွေဆိုရင် အနိုင်ကျင့်ခံရကြောင်း၊ အထက်လူကြီးရှေ့မှာ မျက်နှာရဖို့ အပြိုင်အဆိုင် ဖားနေရကြောင်း သူက ပြောပြပါတယ်။ “ရဲမေတွေ တယောက်နဲ့တယောက်လည်း မတည့်ဘူး၊ တယောက်အမှားကို တယောက် ထောက်ဖို့ပဲ ချောင်းနေတာ” လို့ သူက ဆိုပါတယ်။

ပွဲလမ်းသဘင်တွေမှာ အရာရှိကတော်တွေက ပန်းကန်ကိုယ်စီနဲ့ ကျကျနန စားကြပြီး ရဲဘော်မိန်းမတွေက စတီးဇလုံကြီးတခုနဲ့ပဲ ဝိုင်းစားရကြောင်း၊ ပြီးရင်လည်း ပန်ကန်ဆေး၊ အိုးခွက်တိုက်အကုန် ရဲဘော်မိန်းမတွေပဲ လုပ်ရကြောင်း ပြောပြပါတယ်။ ကျောင်းမှာလည်း ဆရာဆရာမတွေက အရာရှိသားသမီးတွေကိုပဲ မျက်နှာသာပေးပြီး ရဲဘော်သားသမီးတွေဆိုရင် အနိုင်ကျင့်ခံရကြောင်း ပြောပါတယ်။

တပ်မှာ စစ်သည်အင်အားနည်းလာတာနဲ့အမျှ တပ်ဝေယျာဝစ္စတွေကို ရဲမေတွေက တာဝန်ယူလာရသလို သေနတ်ထုတ်ပြီး ကင်းစောင့်နေကြရပါတယ်။

“အရာရှိမိသားစုတွေ ကောင်းကောင်း အိပ်နေတုန်း ကျမတို့က အထိတ်ထိတ်အလန့်လန့်နဲ့ ကင်းလှည့်ပေးနေရတယ်၊ တညဆိုရင် တပ်ဂိတ်မှာ လာပစ်တော့ ကင်းစောင့်ရဲမေတွေအကုန်လုံး ကိုယ့်အိမ်ကိုယ် အမြန်ဆုံး ပြန်ပြေးကြတယ်၊ ပြန်တိုက်ဖို့ ဘယ်သူမှ စိတ်မကူးပါဘူး” လို့ သူက ပြောပြပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် နဲ့ ဇနီးကြူကြူလှတို့ တပ်တွင်းစည်းရုံးရေးလှည့်လည်စဉ်

အခြေအနေတွေ ဆိုးလာတာနဲ့အမျှ ဘုရား၊တရားလုပ်ချင်ရင်တောင် ကိုယ့်သဘောနဲ့ကိုယ် မရတော့ပါဘူး။ တပ်ရင်းတပ်ဖွဲ့တွေမှာ အထက်အရာရှိတွေက ဗေဒင်မေးတာ၊ ယတြာချေတာတွေ လုပ်ခိုင်းပြီး ရဲမေတွေကို ဓမ္မစကြာရွတ်ခိုင်းပါတယ်။ တကယ်လို့ မသွားနိုင်ဘူးဆိုရင် လူစားထိုးဖို့အတွက် ပိုက်ဆံပေးရပါတယ်။ လက်ရှိ ရောက်နေတဲ့ ရှေ့တန်းနေရာကို ဖော်ပြရည်စူးပြီး တခါရွတ်ရင် နှစ်နာရီလောက် ကြာပါတယ်။ ဒီလိုရွတ်ရင်းနဲ့ တပ်ရင်း ဘယ်မှာ ရှေ့တန်းထွက်နေတယ်၊ အင်အား ဘယ်လောက် ရှိတယ်ဆိုတာ ရဲမေတွေ သိခွင့်ရကြပါတယ်။

စစ်အာဏာသိမ်းပြီးကာစ ပြည်သူတွေ လမ်းပေါ်ထွက်ပြီး “မအေ -ိုး မင်းအောင်လှိုင်” လို့ ကြွေးကြော်ဆန္ဒပြကြတဲ့အခါ စစ်တပ်ကလည်း သူတို့ဘက်က ဆန္ဒဖော်ထုတ်မယ့်သူတွေကို တယောက် ငါးထောင်နဲ့ ခေါ်ယူစေခိုင်းခဲ့ပါတယ်။ “ကျမတို့ကျတော့ စစ်သားမိန်းမမို့ဆိုပြီး အလကား လိုက်ပေးရတယ်၊ တယောက်ယောက်က “ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်” လို့ အော်ရင် ကျမတို့က “ကျန်းမာပါစေ၊ ချမ်းသာပါစေ” လို့ လိုက်အော်ရတယ်၊ ကျမ ရှက်လည်း ရှက်တယ်၊ စိတ်လည်း ညစ်တယ်” လို့ မကြည်ပြာဝင်းက ပြောပြပါတယ်။

နောက်တော့ စစ်တပ် ထောက်ခံသူဖြစ်ဖြစ်၊ ဆန့်ကျင်သူဖြစ်ဖြစ် မြို့ပေါ်မှာ ဆန္ဒဖော်ထုတ်ဖို့ အရမ်း အန္တရာယ်များလာပါတယ်။ ဆန္ဒပြသူတွေကို စစ်တပ်က သတ်ဖြတ်ပြီးနောက်ပိုင်း စစ်တပ်ကို ပြည်သူတွေ မုန်းတီးဒေါသထွက်နေတာကြောင့် ရဲမေတွေ ဈေးတောင် မသွားရဲကြတော့ပါဘူး။

ဒါကြောင့် ယောက်ျား လစာ (၁၆၀,၀၀၀) နဲ့ မကြည်ပြာဝင်းဟာ တပ်ထဲမှာ ဖွင့်ထားတဲ့ တပ်ရင်းသက်သာဆိုင်ကိုပဲ ခြေဦးလှည့်ရပါတယ်။ သက်သာဆိုင်ဆိုပေမယ့် မလတ်တော့တဲ့ ကြက်ဥတွေ၊ ဆန်ကြမ်းနဲ့ သဲတရှပ်ရှပ် ငပိတွေကိုပဲ မတန်တဆ ဈေးတင်ရောင်းထားတာလို့ သူက ပြောပြပါတယ်။

“အဲဒီဆိုင်ကနေ ဝယ်ဝယ်၊ မဝယ်ဝယ် လကုန်ရင်တော့ ပိုက်ဆံ အချိုးကျ ဖြတ်တာပဲ ဒါကြောင့် ဝေစုရတာ ယူပြီး တခြားမိသားစုတွေနဲ့ မျှစားရတယ်။”

တပ်က ထွက်ပြေးတဲ့သူတွေ တောထဲမှာ ငတ်သေကုန်ပြီ ဒါမှမဟုတ် သူပုန်တွေက အရှင်လတ်လတ် မြေမြှုပ်သတ်လိုက်ပြီ စသဖြင့် အရာရှိတွေက ပြောကြပါတယ်။ မကြည်ပြာဝင်းလည်း ဒါတွေကို ယုံပြီး ကလဲ့စားချေတဲ့အနေနဲ့ တပ်မှာ ဖမ်းထားတဲ့သူတွေကို ပြန်ပြီး နှိပ်စက်စေချင်လာပါတယ်။ PDF တပ်ဖွဲ့ဝင်တွေကို ဆေးကုပေးလို့ အဖမ်းခံထားရတဲ့ ဆရာဝန်တယောက်ကို နှိပ်စက်တာ သူ ကြုံဖူးပါတယ်။ ဒါက တကယ့် လောကငရဲမို့ သူ အိပ်မက်ဆိုးတွေ ပြန်မက်ပြီး ကြောက်လန့်နေခဲ့ရပါတယ်။

“တကယ်လို့ ကျမ ယောက်ျား တပ်က ထွက်ပြေးရင် သူပုန်တွေ ဖမ်းမိပြီး သူ့ကို ဒီလိုပဲ နှိပ်စက်ကြမှာလို့ ကျမ ထင်ခဲ့တာ”

ဒါပေမယ့် တပ်က ထွက်ပြေးသွားတဲ့ သူ့ယောက်ျားနဲ့ ဗီဒီယိုကော ပြောရတဲ့အခါ သူ့ယောက်ျားက ပြုံးဖြီးလို့နေပါတယ်။ နောက်ပြီး အဆင်ပြေပြေ နေရကြောင်း၊ စားရကြောင်း သူ့နေရာကို မကြည်ပြာဝင်း မြင်အောင် ကင်မရာလှည့်ပြပါတယ်။ နောက်တော့ သူကိုယ်တိုင် သူ့ယောက်ျားနောက် လိုက်ခဲ့ပြီး တခြားတပ်မိသားစုဝင်တွေလည်း လိုက်လာကြဖို့ တိုက်တွန်းဖြစ်ပါတယ်။

“အရပ်သားတွေကို စစ်တပ်က သတ်နေဖြတ်နေတာ တပ်မိသားစုတွေလည်း သိတာပေါ့၊ ဒါပေမယ့် ကြောက်ပြီး နှုတ်ဆိတ်နေရတယ်” လို့သာ ရေရွတ်ခဲ့ပါတော့တယ်။

ဆောင်းပါးမူရင်းလင့်https://asia.nikkei.com/Spotlight/Myanmar-Crisis/Inside-Myanmar-s-military-bases-Wives-stand-guard-as-war-escalates

Leave a comment

Your email address will not be published. Required fields are marked *